USIRD Connect

K1 Visa - Fiancé of U.S. Citizens

K1 Visa - Fiancé of U.S. Citizens

မိတ်ဆက်
K1 Visa ဟာ ကိုယ်နဲ့ စေ့စပ်ထားတဲ့ အမေရိကန်နိုင်ငံသား တစ်ယောက်ကို လက်ထပ်ဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံကို လာရောက်မယ့်သူများ အတွက် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံခြားမှ စေ့စပ်ထားသူကို တရားဝင်လက်ထပ်ဖို့အတွက် အမေရိကန်နိုင်ငံကို ခေါ်ချင်တယ်ဆိုရင် I-129F Form, Petition for Alien Fiancé ဖြည့်သွင်းပြီး USCIS ဆီ တင်သွင်းဖို့ လိုအပ်ပါတယ်။ ဒါဟာ K-1 Visa (Fiancé Visa) ရရှိဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့် အဆင့် ဖြစ်ပါတယ်။ K-1 Fiancé Visa ရရှိဖို့အတွက် အမေရိကန်နိုင်ငံသားနဲ့ စေ့စပ်ထားသူတို့ဟာ အမေရိကန်နိုင်ငံထဲ ရောက်ပြီး ရက်ပေါင်း ၉၀ အတွင်း လက်ထပ်ရန် လိုအပ်ပါတယ်။ တရားဝင် လက်ထပ်တယ် ဆိုတဲ့ နေရာမှာ နှစ်ဦးသဘောတူ ချစ်ခင်ပြီး အိမ်ထောင်တစ်ခု တည်ထောင်ဖို့ လက်ထပ်တာမျိုး ဖြစ်ရပါမယ်၊ Immigration Benefit ရဖို့သက်သက် လက်ထပ်တာမျိုး မဖြစ်ရပါဘူး။ အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီး ရက်ပေါင်း ၉၀ အတွင်း လက်ထပ်ဖြစ်တယ်ဆိုလျှင် ဆက်လက်၍ အိမ်ထောင်ဖက်ကို Lawful Permanent Residence (Green Card) လျှောက်ထားပေးလို့ ရပါပြီ။ အကယ်၍ စေ့စပ်ထားတဲ့ အမေရိကန်နိုင်ငံသားနှင့် အမေရိကန်နိုင်ငံ ပြင်ပမှာ လက်ထပ်ပြီးသား ဖြစ်ခဲ့လျှင် ကိုယ့်အနေနဲ့ Fiancé Visa လျှောက်ထားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က အမေရိကန်နိုင်ငံမှာ တရားဝင် နေထိုင်နေပြီးသားသူ ဖြစ်နေခဲ့လျှင်လည်း Fiancé Visa သို့ Status ပြောင်းလဲလို့ မရပါဘူး။

လျှောက်ထားခွင့်စံနှုန်းများ

K1 Visa လျှောက်ထားရန်အတွက် လျှောက်ထားသူဟာ
● အမေရိကန်နိုင်ငံသားတစ်ယောက်နှင့် လက်ထပ်မယ့်သူ ဖြစ်ရပါမယ်၊
● အမေရိကန်နိုင်ငံအတွင်းသို့ K1 Visa ဖြင့် ၀င်ရောက်ပြီး ရက်ပေါင်း ၉၀ အတွင်း လက်ထပ်ရပါမယ်။
● မိမိသာမက စေ့စပ်ထားတဲ့ အမေရိကန်နိုင်ငံသား ဟာလည်း တရားဝင် လက်ထပ်နိုင်ဖို့အတွက် ဥပဒေကြောင်းအရ လက်ထပ်ပိုင်ခွင့်ရှိသူ ဖြစ်ရပါမယ်။ အိမ်ထောင်ပြုထားဖူးပါက ယခင်အိမ်ထောင်ရေးကိစ္စများအား (ကွာရှင်း၊ ကွယ်လွန်၊ စသဖြင့်) တရားဝင်ပြတ်ဆဲထားပြီး ဖြစ်ရပါမယ်။
● K1 Visa လျှောက်ထားမှု မတိုင်ခင် ၂ နှစ်အတွင်းမှာ ကိုယ်လက်ထပ်ရန် ရည်ရွယ်ထားသူနဲ့ အနည်းဆုံးတစ်ကြိမ် တွေ့ဆုံထားခြင်း ရှိရပါမယ်။ တကယ်လို့ တွေ့ဆုံထားခြင်း မရှိဘူးဆိုရင် ဘာ့ကြောင့် မတွေ့နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကို ခိုင်ခိုင်မာမာပြသဖို့ လိုအပ်ပါတယ်။
ဥပမာ - ကိုယ်နေထိုင်တဲ့ နေရာဆီသို့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်လောင်းမှ လာရောက်နိုင်ရန်အတွက် လူမှုရေးပြဿနာများ၊ ရိုးရာဓလေ့ထုံးစံများ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားခြင်းကြောင့် မလာရောက်နိုင်ခြင်း (သို့) နှစ်ဦး တွေ့ဆုံရန် စေ့စပ်ထားတဲ့ အမေရိကန်နိုင်ငံသား အတွက် အဆမတန် ခက်ခဲနေခြင်း စသော အကြောင်းများ ပြသခြင်းဖြင့် စေ့စပ်ထားသူနှင့် လူချင်းတွေ့ဆုံဖို့ လိုအပ်ချက် ကို သက်ညှာခွင့် လျှောက်ထားနိုင် ပါတယ်။

လျှောက်ထားမှု လုပ်ငန်းစဉ်

စေ့စပ်ထားသူကို အမေရိကန်နိုင်ငံသို့ ခေါ်ယူဖို့ရန်အတွက် လုပ်ဆောင်ရမယ့် အဆင့်ဆင့်တွေမှာ USCIS, Department of State (DOS) နှင့် U.S. Customs and Border Protection (CBP) တို့ပါဝင်မှာဖြစ်ပြီး အစိုးရ Database များထဲမှာရှိတဲ့ အချက်အလက်တွေကို အသုံးပြုကာ ကိုယ်နဲ့ စေ့စပ်ထားသူတို့ရဲ့ လုံခြုံရေးဆိုင်ရာ၊ မှုခင်းဆိုင်ရာ နောက်ကြောင်းရှင်းမရှင်းကို နာမည်၊ လက်ဗွေ၊ Biographic Information တွေမှတစ်ဆင့် ပိုက်စိပ်တိုက် စစ်ဆေးပြီး Background Check၊ Security Check တွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဆင့် ၁ - စေ့စပ်ထားသူအတွက် USCIS မှ တစ်ဆင့် Petition လျှောက်ထားခြင်း

● အမေရိကန်နိုင်ငံသားမဟုတ်သော စေ့စပ်ထားသူကို နိုင်ငံအတွင်းသို့ ခေါ်ယူလိုသူတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်လောင်းနဲ့ ဆက်ဆံရေး အမှန်အကန် တည်ရှိကြောင်း သက်သေပြဖို့အတွက် USCIS ဆီသို့ Petition for Alien Fiancé ဆိုတဲ့ I-129F Form ကို တင်သွင်းပေးရပါမယ်။
● ထို I-129F Form နှင့် အတူ တင်သွင်းလိုက်တဲ့ စာရွက်စာတမ်း အားလုံးကို USCIS မှ အတည်ပြု စစ်ဆေးပြီးနောက် သက်သေအထောက်အထား ပိုမို လိုအပ်နေသေးတယ် ဆိုပါက ထပ်မံတင်သွင်းဖို့ အတွက် စာပို့တောင်းခံမှာ ဖြစ်ပါတယ်။

အဆင့် ၂ - ဗီဇာလျှောက်ထားခြင်း Department of State (DOS)

● National Visa Center (NVC) ဟာ K1 Non-immigrant Visa လျှောက်ထားမယ့်သူ နေထိုင်ရာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးဆီသို့ အတည်ပြုပြီးသား I-129F ကို ဆက်လက်ပို့ပေးမှာ ဖြစ်ပါတယ်။

● သံရုံးက အဆိုပါ I-129F ကို လက်ခံရရှိတဲ့အချိန်မှာ Visa Interview Schedule လုပ်ပြီး လျှောက်ထားသူ ဆီကို Appointment Date အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

● ထို Appointment Date ရောက်တဲ့အခါမှာ K1 Non-Immigrant Visa လျှောက်ထားမယ့် အိမ်ထောင်ဖက်လောင်းဟာ လိုအပ်တဲ့ Form တွေ Document တွေကို ယူလာပြီး Visa Interview ဖြေဆိုရပါမယ်။

● အဆိုပါ Interview ထဲမှာ ဖြေဆိုခဲ့တဲ့ အချက်အလက်တွေကို Department of State မှ Consular Officer ကနေ ကြည့်ရှုသုံးသပ်ပြီး K-1 Non-immigrant Visa ရသင့်၊ မရသင့် ဆုံးဖြတ်ချက် ပေးမှာဖြစ်ပါတယ်။

K-1 Visa ရပြီဆိုရင်တော့ အမေရိကန်နိုင်ငံအတွင်းသို့ ၆ လတာ ဝင်ရောက်ခွင့် ရမှာပါ။ သို့သော် Consular Officer က စေ့စပ်ထားသူနှင့် စစ်မှန်တဲ့ ပတ်သတ်မှု မရှိဘူးလို့ ဆုံးဖြတ်ခဲ့လျှင် အိမ်ထောင်ဖက်လောင်း အတွက် K-1 Visa ကိုထုတ်ပေးမှာ မဟုတ်ပဲ I-129F Form ကို USCIS ဆီ ပြန်ပို့မှာဖြစ်ပါတယ်။ DOS မှ USCIS ဆီသို့ အဆိုပါ I-129F Form ကို ပြန်လည်ပေးပို့တဲ့အခါမှာ Form Expire ဖြစ်နေခဲ့လျှင် အမေရိကန်နိုင်ငံသား လျှောက်ထားသူအနေဖြင့် I-129F Form အသစ် ထပ်မံ ပြင်ဆင်တင်သွင်းခွင့် ရှိပါတယ်။

Visa လျှောက်ထားမှု အသေးစိတ် အချက်အလက်တွေကို DOS Non-immigrant Visa ရဲ့ Fiancé စာမျက်နှာမှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

အဆင့် ၃ - အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ချိန်တွင် စစ်ဆေးမေးမြန်းခြင်း

စေ့စပ်ထားသူအနေဖြင့် K-1 Non-immigrant Visa ရပြီးနောက် အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာချိန်တွင် Port of Entry ရှိ Customs and Border Protection (CBP) အရာရှိများက နိုင်ငံထဲဝင်ခွင့်ပေး၊ မပေး ဆက်လက်ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက် - Visa ရှိခြင်းဟာ နိုင်ငံထဲသို့ ဝင်ခွင့်ရမယ်ဆိုတာကို သေချာပေါက် အာမခံချက် မပေးနိုင်ပါဘူး။ Visa Holder အားလုံးအတွက် CBP Officer များကသာ နိုင်ငံထဲသို့ ဝင်ရောက်နိုင်ခွင့်ကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

အဆင့် ၄ - လက်ထပ်ခြင်း
စေ့စပ်ထားသူဟာ K-1 Non-immigrant Visa ဖြင့် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးသွားလျှင် ရက် ၉၀ အတွင်း တရားဝင် လက်ထပ်နိုင်ပါပြီ။

အဆင့် ၅ - Green Card လျှောက်ထားခြင်း
ရောက်ရှိပြီး ရက် ၉၀ အတွင်း လက်ထပ်ဖြစ်တယ်ဆိုလျှင် အိမ်ထောင်သည်ဖြစ်သွားတာကြောင့် Permanent Residence (Green Card) လျှောက်ထားဖို့ Adjustment of Status ဆိုတဲ့ I-485 Form တင်လို့ရပါပြီ။
ထို I-485 Form နှင့် အတူ တင်သွင်းလိုက်တဲ့ စာရွက်စာတမ်း အားလုံးကို USCIS မှ စစ်ဆေးပြီးနောက် အထောက်အထား ပိုမို လိုအပ်နေသေးတယ် ဆိုပါက ထပ်မံတင်သွင်းဖို့ အတွက် စာပို့တောင်းခံမှာ ဖြစ်ပါတယ်။

အဆင့် ၅ - Green Card လျှောက်ထားခြင်း

USCIS ဘက်မှ I-485 Form နှင့် တင်သွင်းလိုက်သော စာရွက်စာတမ်းများကို လက်ခံလိုက်ပြီ ဆိုရင်တော့ Marriage Visa Interview ဆက်လက် ဖြေဆိုရမှာဖြစ်ပါတယ်။ I-485 Form ကို Approve မပေးခင် ၂ နှစ်အတွင်း လက်ထပ်ခဲ့တယ် ဆိုပါက USCIS ဘက်မှ Conditional Permanent Resident Status ချပေးပြီး ၂ နှစ်သက်တမ်းရှိတဲ့ Green Card ထုတ်ပေးမှာ ဖြစ်ပါတယ်။

မှတ်ချက် - Green Card ပေါ်မှ အဆိုပါ Condition တွေကို ဖယ်ရှားဖို့ ၂ နှစ်သက်တမ်းမကုန်ခင် ရက် ၉၀ အတွင်း Petition to Remove Conditions on Residence ဆိုတဲ့ I-751 Form ကို တင်သွင်း လိုအပ်ပါတယ်။

Green Card လျှောက်ထားခြင်းနှင့် ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို USIRD Website ထဲမှာရှိတဲ့ I-485 Form and Instructions ထဲမှာ ကြည့်နိုင်သလို Green Card for Fiancé(e) of US Citizen စာမျက်နှာမှာလည်း လေ့လာ နိုင်ပါတယ်။

အိမ်ထောင်ဖက်ဖြစ်သူရဲ့ Conditional Permanent Residence မှာရှိတဲ့ ကန့်သတ်ချက် Condition တွေကို ဖယ်ရှားခြင်းနှင့် ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကိုတော့ USIRD Website ထဲက I-751 Form နဲ့ Remove Conditions on Permanent Residence Based on Marriage စာမျက်နှာတို့မှာ သွားရောက်လေ့လာနိုင်ပါတယ်။ သတိပြုရမဲ့ တစ်ချက်ကတော့ Case တစ်ခုနဲ့တစ်ခုက မတူညီတဲ့အတွက် Case ကိုင်တွယ်ဖို့ ကြာချိန်လည်း မတူညီနိုင်ပါဘူး။ USCIS အနေနဲ့ Fiancé Petition တွေကို လက်ခံရရှိတဲ့ အစဉ်အတိုင်း ကိုင်တွယ်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို USIRD Website ထဲက Check Processing Times စာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

စေ့စပ်ထားသူဘက်မှ ပါလာသော သားသမီးများ

အမေရိကန်နိုင်ငံကို သွားရောက်မယ့် စေ့စပ်ထားသူမှာ အသက် ၂၁ နှစ်အောက် အိမ်ထောင် မပြုရသေးတဲ့ သားသမီး ရှိမယ် ဆိုရင် ထို သားသမီးတွေကို K-2 Nonimmigrant အဖြစ်နဲ့ တစ်ပါတည်း ခေါ်လာနိုင်ပါတယ်။ ထိုသို့ ခေါ်သွားဖို့ အတွက် Form I-129F ထဲမှာ အဆိုပါ သားသမီးတွေရဲ့ နာမည်ကို ထည့်သွင်း လျှောက်ထား ပေးခဲ့ဖို့ လိုအပ်ပါတယ်။
အဆိုပါ သားသမီးများဟာ အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာချိန်အထိ အသက် ၂၁ နှစ်အောက် ဖြစ်နေပြီး အိမ်ထောင် မရှိဖို့ လိုအပ်ပါတယ်။
သားသမီးတွေအနေနဲ့ အမေရိကန်နိုင်ငံသို့ သွားရောက်မယ့် စေ့စပ်ထားသူနဲ့ အတူတူ လာနိုင်သလို နောက်ကျပြီးမှလည်း လာလို့ရပါတယ်။ သို့သော် ပိုစောပြီးတော့ လာလို့မရပါဘူး။

ကိုယ်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကသာ ရောက်ပြီး ရက် ၉၀ အတွင်း လက်ထပ်ဖြစ်တယ်ဆိုရင် အဆိုပါ သားသမီးတွေ အနေနဲ့လည်း I-485 Form ဖြည့်ပြီး Green Card လျှောက်ထား နိုင်ပါတယ်။ ထိုသားသမီးများအတွက် Green Card ရနိုင်ဖို့ သတိထားရမယ့် အချက်ကတော့ လျှောက်ထားချိန်တလျှောက်လုံး အိမ်ထောင် မကျသေးတဲ့ အနေအထားမှာပဲ ဆက်ရှိနေရမှာဖြစ်ပါတယ်။ သားသမီးများအနေနဲ့ Green Card လျှောက်ထားရာမှာ အမေရိကန်ကို ရောက်လာတဲ့ မိဘနဲ့ တစ်ချိန်တည်းဖြစ်စေ နောက်ကျ၍ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။

အလုပ်လုပ်ပိုင်ခွင့်

K-1 Visa ဖြင့် အမေရိကန်နိုင်ငံကို ဝင်ခွင့်ရတဲ့ စေ့စပ်ထားသူဟာ နိုင်ငံထဲရောက်တာနဲ့ I-765 Form တင်ပြီး Employment Authorization လျှောက်ထားလို့ ရပါပြီ။ ထိုကဲ့သို့လျှောက်ထားခြင်းဖြင့် အိမ်ထောင်ဖက်ဖြစ်သူဟာ နိုင်ငံထဲဝင်ရောက်ချိန်မှ နောက်ရက် ၉၀ အထိ တရားဝင် အလုပ်လုပ်ခွင့် ရမှာဖြစ်ပါတယ်။ Green Card လျှောက်ထားစဉ်အတွင်းမှာလည်း အိမ်ထောင်ဖက် ဖြစ်သူဟာ I-485 နဲ့ I-765 Form တွေကို အတူတူတွဲတင်ပြီး တစ်နှစ်စာသက်တမ်းရှိတဲ့ Work Authorization လျှောက်ထားနိုင်ပြီး၊ နှစ်စဉ် သက်တမ်းတိုးသွားနိုင်ပါတယ်။

ရောက်ပြီး ရက်ပေါင်း ၉၀ အတွင်း လက်မထပ်ဖြစ်ခဲ့လျှင်

K-1 နဲ့ K-2 Nonimmigrant Status တွေဟာ ရက် ၉၀ ကြာရင် သက်တမ်းကုန်သွားမှာဖြစ်ပြီး သက်တမ်းတိုးလို့လည်း မရပါဘူး။
ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံထဲရောက်ပြီး ရက် ၉၀ အတွင်းမှာမှ လက်မထပ်ဖြစ်ဘူးဆိုရင် အိမ်ထောင်ဖက်လောင်း ဖြစ်သူနဲ့ သားသမီးများဟာ အမေရိကန်နိုင်ငံမှ ထွက်ခွာ ပေးရပါမယ်။ မထွက်ခွာဘူးဆိုရင် U.S. Immigration Law ကိုဆန့်ကျင်တဲ့ သဘောဆောင်တာကြောင့် ပြည်နှင်ဒဏ်ခံရနိုင်မှာဖြစ်ပြီး နောင်အခါမှာ US. Immigration ဆီမှ ရပိုင်ခွင့်တွေကို လက်လွှတ်လိုက်ရနိုင်ပါတယ်။

ဒါပေမယ့် ရက် ၉၀ ကျော်မှ လက်ထပ်ဖြစ်ခဲ့တယ်ဆိုရင် I-130, Petition for Alien Relative ဆိုတဲ့ Form ကို တင်ရပါမယ်။
Permanent Residence အကြောင်းရေးထားတဲ့ စာမျက်နှာရဲ့ Bringing Spouses to Live in the United States as Permanent Residents ဆိုတဲ့စာမျက်နှာကို သွားပြီးတော့ အသေးစိတ် လေ့လာနိုင်ပါတယ်။

မှတ်ချက် - K-1 Nonimmigrant အိမ်ထောင်ဖက်လောင်းများ အနေနဲ့ ပုံမှန်အားဖြင့် Green Card လျှောက်ထားနိုင်ဖို့အတွက် လက်ထပ်တာကလွဲပြီး တခြားနည်းလမ်းမရှိပါဘူး။












Previous